ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၁ နာရီ ၄၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်က မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေပြည်သူ စိုင်းအိုက်လှ သေဆုံးခဲ့ကြောင်း သိရသည်။
” လူသေတာက ဒီနေ့ ပစ်လို့ သေတာပါ။ လေကြောင်းက ပစ်ခတ်သလို လက်နက်ကြီးတွေလည်း ရမ်းသမ်း ပစ်ခတ်တယ်လို့ ပြောပါတယ်။ သေတာက ပလောင် မိသားစုပါ ခေါင်းကို ထိသွားတယ်လို့ သိရတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ ရွာထဲမှာ TNLA ရှိတယ် ဆိုပြီးတော့ လက်နက်ကြီးရော လေကြောင်းနဲ့ကော ပစ်တာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်ကလည်း မူဆယ် ၁၀၅ မိုင် နမ့်ဖက်ကာ ၁၂၃ တပ်နှင့် နောနားဒုံမှ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ဆိုင်ခေါင်ကျေးရွာကို ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့နှင့် ဈေးဆိုင်ခန်းများ ထိခိုက် ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။