ရန်ကုန်တိုင်း၊ အင်းစိန် အကျဉ်းထောင် ညွှန်ချုပ်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ညွှန်ချုပ်အဖြစ် ဗိုလ်မှူးကြီးမျိုးဇော် ကို အစားထိုး ခန့်အပ်ထားတယ်လို့ ထောင်အရာရှိကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇူလိုင်လ ဒုတိယပတ်က စပြီး ထောင်တွင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ထောင်အတွင်းမှ တယ်လီဖုန်းများ သိမ်းဆည်းရမိခဲ့သလို ပြင်ပနဲ့ ဆက်သွယ် ငွေကြေး ပေးပို့မှုတွေ စစ်ဆေး တွေ့ရှိလို့ ညွှန်ချုပ်ဖြစ်သူ အပါအဝင် ထောင်ဝန်ထမ်း တစ်ချို့ ဖမ်းဆီးစစ်ဆေး ခံနေရတယ်လို့ သိရပါတယ်။
“ထိန်းသိမ်းခံထားရတာတော့ ဟုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီး တွေ့တာ တကယ်လား မဟုတ်ဘူးလား ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ထောင်ပိုင်တွေပဲ သိတဲ့ ကိစ္စ အပြင်ကို သတင်းရောက်တော့ စစ်ကောင်စီက လိုက်နေတာရှိတယ်။ အတွင်း သတင်းအရလည်း မတွေ့ဘူး ဆိုတာတွေ ပြောတာရှိတယ်။ ထိုင်းက ကောင်ကလည်း ရေလာခပ်ပြီး ပြန်သွားတယ်။ ဒီသတင်းတွေ ထောင်ထဲကနေ အပြင်ကို ရောက်တော့ သူတို့ စစ်ရင်းနဲ့ မိကုန်တာ။ လက်ရှိ ထောင်ပိုင်ကို အနားပေးလိုက်ပြီး စစ်နေတယ်လို့ ကြားတယ်” လို့ ထောင်အရာရှိကြီးက ပြောပါတယ်။
အင်းစိန်ထောင်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ လက်ကိုင်ဖုန်းတွေ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖုန်းများနဲ့ ငွေကြေး ပေးပို့ထားတဲ့ အချက်အလက်တွေ တွေ့ရှိတဲ့အတွက် ထောင်ဝန်ထမ်း တစ်ချို့လည်း ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
“ထောင်ထဲမှာတော့ စစ်ကောင်စီဘက်က လူတွေပဲ အုပ်ချုပ်နေတာ။ အရင်လိုတော့ နေရတာ မဟုတ်တော့ဘူး။ သူတို့ကလည်း အဆောင်တွေကို အဖွဲ့လိုက် အချိန်မရွေး ရှာတာတွေ လုပ်ကြတယ်။ ထောင်ဝန်ထမ်းတွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ ရဲနဲ့စစ်သားတွေ မီးသတ်တွေပေါင်းပြီး ရှာကြတာ။ ထောင်ထဲကနေ အပြင်ကို ငွေလှူတာတွေ မိသွားလို့ စစ်နေတယ်လည်း ကြားတယ်” လို့ ထောင်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းစိန်ထောင်ဝန်ထမ်းများ ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘဲ စရဖဘက်မှ ထောင်ကို ချုပ်ကိုင်ထားပြီး ထောင်ဝန်ထမ်းများ စစ်ကောင်စီ အမိန့် လိုက်နာနေရကာ ထောင်အတွင်း စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။