မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၁၀၀၀ ကျော်ကို ကျူးကျော် နေထိုင်သည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှား ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၁၀၀၀ ကျော်ကို ပုဂ္ဂလိကမြေ၌ ကျူးကျော် နေထိုင်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က နေအိမ်အချို့ကို အဓမ္မ လာရောက် ဖယ်ရှား ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ နေအိမ် ၁၀၀၀ ကျော်ကို ပုဂ္ဂလိကမြေ၌ ကျူးကျော် နေထိုင်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က ဇူလိုင် ၁၇ ရက်နေ့တွင် စာပို့၍ အဓမ္မ ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ယနေ့ဇူလိုင် ၂၅ ရက်နေ့ တွင် လာရောက် ဖျက်သိမ်းခြင်းဖြစ်ကာ ဇူလိုင် ၂၆ ရက်နေ့တွင်လည်း ထပ်မံလာရောက် ဖယ်ရှား ဖျက်ဆီးမည်ဟု ပြောကြားသွားကြောင်း သိရှိရသည်။
“မနက် ၉ နာရီကနေ အခု ၃ နာရီအထိ။ မနက်ဖြန် နောက်တစ်ကြိမ် လာမယ်တဲ့ လည်ကတုံးအဖြူတွေနဲ့ တစ်လမ်းကို ပျူစောထီးက ၅ ယောက်၊ ၅ ယောက်စီ ထိုင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောပြသည်။
အကြမ်းဖက် စစ်တပ်က နေအိမ်များကို ဖယ်ရှားပေးရန် အကြောင်း ကြားစာချိန်တွင် မည်သည့်နေ့၌ နောက်ဆုံးထား ဖျက်သိမ်းရမည်ဟူ၍ မပါရှိဘဲ ယခုကဲ့သို့ ရက်ပိုင်း အတွင်း လာရောက် ဖယ်ရှား ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။