နယူးယောက်မြို့မှာနေထိုင်တဲ့ ဖြိုးဟိန်းထွဋ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံဖို့ ကြံစည်ရာမှာ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ်ဝင်ရောက်ခဲ့တဲ့ ဖြိုးဟိန်းထွဋ်ဟာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားတယ်လို့အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
ဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အပြင်၊ နောက်ဆုံးမှာ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက်ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ညနေပိုင်း တရားရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှစ်ရက်ကြာ အမှုစစ်ဆေးပြီးနောက် ဒီလိုအမိန့်ချမှတ်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီးက အမိန့်ချမယ်လို့ အပြီးသတ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ဥပဒေအရ နိုင်ငံခြားသံတမန် အရာရှိတစ်ဦးကို တိုက်ခိုက်ဖို့ ကြံစည်ရာမှာပါဝင်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ကိုရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာပါ။