တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးများ အိမ်ရာကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ စိန်ပြောင်း လက်နက်ကြီးဖြင့် ၇ လုံး ပစ်ခတ်ခဲ့ရာ ၇ လုံး ဝန်ကြီးများအိမ်ရာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ကြီးများနှင့် အတူ ၎င်းတို့၏ မိသားစုများ အော်ဟစ်ပြေးလွှားခဲ့ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ထိခိုက်သေဆုံးမှု အခြေအနေတော့ စုံစမ်းနေတုန်းပဲ ညကတော့ အိမ်ရာထဲ တပ်ပျက် ပြေးလွှားနေကြတယ်လို့ သိထားရတယ်။ ဝန်ကြီးတွေက လုံခြုံဖို့ မိသားစုတွေပါ အကုန်ခေါ်ထားတာ အကုန်အော်ဟစ်ပြေးလွှားနေတာတော့ သိထားရပြီး သူတို့ဘက် ထိခိုက်မှုကို သေချာလေး သတင်းဖုံးထားတယ်” ဟု လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်း တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။