ကရင်နီပြည်နယ် ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြား၌ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇူလိုင် ၂၆ရက်) နေ့လယ်ပိုင်းကစ၍ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ် (ကျောက်ပန်းညိုရွာ)ကျော်ကာ မယ်စဲ့မြို့နယ်ရှိ ကျောက်စုကျေးရွာသို့ စစ်ထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့မှု ပြင်းထန်နေခြင်းဟု ဆိုသည်။
“မြေပြင်အခြေအနေမှာ စကစဘက်အကျအဆုံးများနေလို့ လေကြောင်းစစ်ကူခေါ်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေရပါတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုမူ ဖားဆောင်း PDFထံ ဆက်သွယ်ထားသော်လည်း အသေးစိတ်မသိရှိရသေးပေ။
မြေပြင်စစ်ကြောင်းသုံးခုအပါအဝင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်ကစ၍ စစ်ကောင်စီက မယ်စဲ့မြို့ကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။
အဆိုပါစစ်ကြောင်းများကို ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ KNDF တပ်ရင်း (၂၀)နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တို့ ခုခံတိုက်ခိုက်ခဲ့ပြီး ဖားဆောင်း PDF မှအသက် (၂၂)နှစ်အရွယ်ရဲဘော် စောနိုဗယ် (ခေါ်)အာနိုးမှာ ဇူလိုင်၂၂ ရက်က ကျဆုံးခဲ့သည်။
ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။