တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တဂေါ် ကျေးရွာမှ အရပ်သား ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် အင်အား ၁၅၀ နီးပါး ပါရှိသည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော မြေတင်ကား ၅ စီးသည် ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တဂေါ် ကျေးရွာ အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသပြည်သူ ၃၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခေါင်ပြန်ရွာမှ တစ်ဆင့် ခွေးမဖောရွာ အရှေ့တောင်တန်း တစ်လျှောက် မိုးလုံးတောင် အနီးတွင် PDF များ ရှိသည်ဟုဆိုကာ တောနင်း စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကံပေါက်ဒေသရှိ ဇာဒီကျေးရွာ၊ ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တဂေါ်ကျေးရွာများသည် PDF တပ်ဖွဲ့ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဆန်သယ်ယူခွင့်ကိုလည်း ကန့်သတ် ထားကြောင်း ဒေသပြည်သူများထံမှ သိရသည်။