မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က ၀င်စီးပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးထားရာ ဒီကနေ့ အထိ ပြန်လွှတ်သေးဘူးလို့ Thabeikkyin Revolution-TR တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေ ၆ နာရီခန့်မှာ ဆယ်ဇင်းကုန်းရွာကို ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ရွာအတွင်းက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာ အတွင်းရှိ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
“ဘာကြောင့်ရယ်လို့ တိတိကျကျ မသိရပါဘူး။ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုလည်း မရှိပါဘူး။ ခုထိ ရွာသားတွေကို ဖမ်းထားဆဲပါ။ ဖမ်းဆီးခံရတဲ့ထဲမှာ ကလေးတွေရောပါတယ်။ မနေ့က တချို့လူတွေကို နေပူလှန်းထားတာမျိုးတွေ လုပ်ခဲ့သလို ဗိုက်ဆာလို့ ငိုကြတဲ့ ကလေးတွေပါ ရှိတယ်” လို့ သူကပြောပါတယ်။
စစ်တပ် စစ်ကြောင်းက ရွာသား ၈၀ ကျော်ကို ဓားစာခံအဖြစ် ဆယ်ဇင်းကုန်းရွာ ဘုန်းကြီးကျောင်းထဲတွင် လက်ပြန်ကြိုးတုပ် ဖမ်းဆီး ထားသလို ဖမ်းဆီးခံရတဲ့ ကလေးငယ်များ ဗိုက်ဆာတဲ့ အတွက် အော်ငိုသံတွေ ဆူညံနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။