ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တောကုန်းရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေပြီး မြေပြင်မှ စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်၊ တောကုန်းရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး မြေပြင်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
” တိုက်ပွဲဖြစ်နေတဲ့ ထန်းတပင်မြို့နယ် တောကုန်းရွာကို စစ်တပ်က လေယဥ်ပါအသုံးပြုပြီး ပစ်နေတယ်။ ကရင်အစိုးရ ကျောင်းကိုလည်း ပစ်တယ်။ မြေပြင်က စစ်ကြောင်းလာတဲ့ စစ်ခွေးတွေက အထိနာလို့ထင်တယ်။ မနေ့ ညတည်းက ၁ နာရီလောက်မှာ စစ်တပ်ကအင်အား ၁၀၀ကျော်နဲ့ တက်လာတာ တောထဲကို ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာလဲ စစ်ကြောင်း ထပ်ထိုးတယ်။ ကား ၄ စီးလောက်နဲ့ အပြည့်ပဲ စစ်ကြောင်းထိုးတာ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်၊ ထိုလွိဝါးကျောင်းဘေးရှိ တောကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူများပါ အသုံးပြု တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။