စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊အလယ်တောစံပြရွာကို လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် အရပ်သား ပြည်သူ ၄ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်၂၉ရက်နေ့ နံနက် ၁၁ နာရီအချိန် ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြ ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းထဲတွင် ဆန်ဝေနေစဉ် လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၄ ဦးလုံး ကျည်စထိမှန်ပီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။
“မီးဘေးသင့် ရွာသားတွေအတွက် ဘုန်းကြီးကျောင်းထဲမှာ ဆန်ဝေနေတုန်းပစ်ခတ်တာ။ ပစ်တာက လက်နက်ကြီး ၁၀ လုံးအထက်ရှိမယ်။ ဆန်ဝေတဲ့နေရာတော့ တည့်တည့်ကျတာတော့မပေမယ့် အနီးအနားမှာ ကျရောက် ပေါက်ကွဲတော့ ကျည်စအပိုင်းအစတွေ မှန်ပြီး အခုလို ဒဏ်ရာတွေရတာဗျ။ အသက်အန္တရယ်ကတော့ ၄ယောက်လုံးစိုးရိမ်ရတယ်။ လက်နက်ကြီးကျည်ထိတဲ့သူတွေက မအေး အသက်၄၈နှစ်၊ မခင်ဆန်းလင်း အသက်၄၀ကျော်နဲ့ မနွဲ့မြ အသက်၄၀ကျော်၊ ဦးအောင်ဝင်း အသက်၅၀ ကျော်တွေဖြစ်ပါတယ်” ဟု မျက်မြင်ကျေးရွာသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အလယ်တောရွာမှ ဒေသပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိ စစ်ကောင်စီက အလယ်တောရွာတွင် တပ်စွဲထားကြောင်း သိရှိရသည်။