ကရင်နီ – ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာ ရှစ်ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၃ဦးသေဆုံးကြောင်း ဖယ်ခုံ PDFက ပြောသည်။
ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။
ထို့သို့ ထိုးစစ်ဆင်မှုကို ဖယ်ခုံ PDF (1002)တပ်ရင်းအတူ KRU ၊ အမှတ် 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊DMO 1106 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF စသည့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရောက်သည့်နေရာတိုင်း၌ကတုတ်ကျင်းတူးပြီး တိုက်ခိုက်ခဲ့သော်လည်း PDF တပ်ဖွဲ့များက စစ်ကောင်စီ၏ ကတုတ်ကျင်းကို ဖြိုဖျက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် စစ်ကောင်စီတပ်က ဇူလိုင်၂၈ ရက် နံနက်၁နာရီအချိန်တွင် ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။
“ခလရ (၂၄၈)ကကောင်တွေ အလောင်းတွေတောင်မသယ်နိုင်ဘူး။မနက်အစောကြီး ထွက်ပြေးရတာ”ဟု ဖယ်ခုံ PDFတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
လက်ရှိ ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၇)သို့ ရှမ်းပြည်အခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့် ဖြည့်တင်းထားကြောင်းလည်း သိရသည်။