ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ဆိုင်ကယ်ဘေးတွဲ မောင်းသည့် ဒေသခံ ၁၀ ဦးကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF နှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ဦးမှာ မြန်အောင်မြို့နယ်၊ မျှင်၀ါးတောင်၊ ဘန်ဘွေးကုန်းအုပ်စု ကျေးရွာများမှ ရွာသားများဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“အဖမ်းခံရတာ တစ်ဖြေးဖြေး ၁၀ယောက်ကျော်လာပြီ၊ အများစုက ကယ်ရီလိုက်တယ်။ စျေး၀ယ်ရင် ပစ္စည်းတွေတင်တဲ့သူတွေပါ။ အေးဆေး လုပ်ကိုင်စားသောက်နေ ကြတဲ့ သူတွေပါ။ ဒါကို PDF လို့အကြောင်းပြပြီး ထင်တိုင်းဖမ်းနေတဲ့သဘောပဲ။ အရင်ရက်ကလည်း အဖမ်းခံတဲ့သူတွေ ရှိကြတယ်။ အနားက ရိုးတွေထဲမှာလည်း PDF ရှိတယ်ဆိုပြီး အမြဲတမ်းရှာတယ်“ ဟု မျှင်၀ါးတောင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၂၄ ရက်တွင်လည်း ဘန့်ဘွေးကုန်း အောက်ကျင်းရပ်ကွက်ရှိ အသက် ၇၀ ၀န်းကျင် အဘိုးအိုတစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဧရာ၀တီတိုင်းအတွင်းရှိ ရခိုင်ရိုးမနှင့်ထိစပ်နေသည့် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ် သစ်တောကြိုးဝိုင်းများအတွင်းတွင်လည်း PDF များရှိ သည်ဟု ဆိုကာတောနင်းရှာဖွေခြင်းများကို လစဥ်ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။