မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်အချိန်တွင် သွားရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ညနေ ၄ နာရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအိုင်အေ သတင်းရင်းမြစ်အရ သိရသည်။
မလိယန်ကျေးရွာနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း မြစ်ကြီးနားမြို့ဘက်မှ စစ်ကောင်စီစစ်ကြောင်းများ ထပ်မံရောက်ရှိလာသည်ဟု ပြောသည်။
မြစ်ကြီးနား – ဗန်းမော် ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လပြည့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလည်း ၄ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ နှစ်ဖက်စစ်တပ်က ထုတ်ပြန်ပြောကြားသည်ကို မတွေ့ရသေးပေ။
KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့အနီးဝန်းကျင် စစ်မြေပြင်များသို့ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လှုပ်ရှားလာမှုကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်ကျေးရွာအနီးတွင် ဇူလိုင်လ ၃ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားလာရာမှ ထိတွေ့တိုက်ပွဲများ၊ ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလာခြင်း ဖြစ်သည်။