စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကသာမြို့နယ်၊ အင်းဒရန့်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲ ရပ်နားသွားပြီး တိုက်ပွဲအတွင်းပိတ်မိနေသည့် အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးသန်ဇင်ဉီး(ခ)ရှပ်ပြေး၊ အသက် ၁၈ နှစ်အရွယ် ကိုကချင်ကြီး၊ အသက် ၃၂ နှစ်အရွယ် ကိုကုလားကြီး၊ အသက် ၂၄ နှစ်အရွယ် ကိုငယ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မျိုးကျော်တို့ ဖြစ်ပြီး ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
” စစ်ခွေးတွေက ၂၇ ရက်နေ့မှာ အင်းဒရန်ကျေးရွာကိုစစ်ကြောင်းထိုး ဝင်ရောက်လာပြီး အင်းဒရန့်ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ ၂၈ရက်နေ့မှာ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေဘက်က အသေများတယ်။ မွန်းလွဲ ၁၁ နာရီ ၃၀ မှာ တိုက်ပွဲရပ်သွားပြီး ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ၅ ဦးကို သတ်ဖြတ်သွားတယ်။ ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။