ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၂၀ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း KMD18-မြို့ပြဝံပုလွေ (Werewolf Unit) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း အနော်ရထာလမ်းမပေါ်ရှိ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြဝံပုလွေအဖွဲ့က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်မှုတချို့ရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ လှိုင်သာယာမြို့ အဝင်အထွက် တံတားများကိုလည်း ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ မစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ယခင်အုပ်ချုပ်ရေးမှူး ကြံ့ဖွတ်ပါတီဝင် ရဲထွန်းဦး ပစ်သတ်ခံရပြီးနောက် အသစ်ခန့်ထားသည့် စစ်မှုထမ်းဟောင်း ပျူစောထီး လူမိုက် ဖြစ်သူ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် လူမိုက်များသည် ပြည်သူကို နှိပ်စက်ညှင်းပန်း အနိုင်ကျင့်နေပြီး၊ ပြည်သူပိုင်ဆိုင်ကယ်၊ သုံးဘီးများကို အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ ဖမ်းဆီး သိမ်းယူခြင်းများပြုလုပ် လျက်ရှိသောကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KMD18-မြိုပြဝံပုလွေ (Werewolf Unit) မှ “နွေဦးအောင်လံ” စစ်ဆင်ရေး အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး အကြမ်းဖက် ရန်ကုန်မြို့ကို လုံးဝအုပ်ချုပ်ခွင့်မရအောင် ပြင်းထန်စွာ တိုက်ခိုက် သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် တပ်စခန်းအနီးအနားများ၊ ဘန်ကာများ၊ ကင်းပတ်ကားများကို ရှောင်ကွင်း သွားလာကြရန် ထုတ်ပြန်ထားသည်။