ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)ထံသို့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ခြောက်ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ဇူလိုင်အတွင်း၌ တပ်မဟာ(၁)ထံ အလင်းဝင်လာကြသူများဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ အလင်းဝင်လာသူများအနက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈) ရှေ့တန်းဗျူဟာ ပိန္နဲတောစခန်းမှ ဒုတပ်ကြပ်သည် MA-3 တစ်လက်၊ ကျည်ဘောက်များ၊ ကျည်များနှင့်အတူ ဇူလိုင် ၂၃ရက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းအလင်းဝင်လာခြင်းဖြစ်သည်ဟု KNLA တပ်မှူးက ပြောသည်။
ထို့ပြင် ဇူလိုင် ၃ရက်တွင် စစ်ကောင်စီတပ်သား တစ်ဦး၊ ဇူလိုင် ၁၄ရက်တွင် စစ်ကောင်စီတပ်သား လေးဦး KNLA တပ်မဟာ(၁)ထံသို့ ဘက်ပြောင်းအလင်းဝင်လာသည်ဟု ဆိုသည်။
ဘက်ပြောင်းအလင်းဝင်လာသူ တပ်သားများသည် ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသား နှစ်ဦးစီ ပါဝင်ကြောင်းလည်း အသိပေးသည်။
အဆိုပါ စစ်ကောင်စီတပ်သားများအနက် အချို့မှာ လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းရှိ၊မရှိကို KNLA နယ်မြေခံတပ်မှူးထံ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
KNU နယ်မြေများ အပါအဝင် ဒေသအများအပြား၌ စစ်ရေးအရှိန်မြှင့်လာသည်နှင့်အမျှ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ ပြည်သူလူထုထံ ဘက်ပြောင်းအလင်းဝင်လာမှုများ မကြာခဏ ရှိလာနေသည်ကို NUG ကာကွယ်ရေးဌာနနှင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။
ယခုကာလတွင် ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလာမှုများကို လက်ကမ်းကြိုဆိုမေည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းလိုခြင်း သို့မဟုတ် တပ်တွင်း သတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ၊ စစ်ကြောင်းများ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ ဆက်သွယ်၍လည်းကေငာ်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel@MyanmarPeople သို့ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟုလည်း အသိပေးထားသည်။