ကိုယ်ပိုင် အဝေးပြေးဒရုန်း Fixed-Wing UAV ထုတ်လုပ်ဖို့ ပြုလုပ်တဲ့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်အထိ ၆၀ ရာခိုင်နှုန်းသာ ရရှိသေးလို့ ဝိုင်းကူပေးဖို့ KNDF-UAV ဌာနက ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကမ်ပိန်းကာလ နောက်ဆုံးရက်မှာ အလှူရှင်တွေ အနေနဲ့ ဝိုင်းဝန်း လှူဒါန်းကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။
“ကမ်ပိန်း နောက်ဆုံးရက်လေး မှာတော့ ကနေဒါ က ပြည်သူတွေကနေပြီးတော့ တစ်စီးစာဆိုပြီး ပါဝင်လာပါတယ်။ အခုဆိုရင် ၆၀ ရာခိုင်နှုန်း ပြည့်သွားပါပြီ။ ပြည်သူ့အားနဲ့ဆိုရင် ၆၀ ရာခိုင်နှုန်း ကနေ ၁၀၀ ရာခိုင်နှုန်းလည်း ပြည့်သွားနိုင်တာမလို့ ပါဝင်အားဖြည့် ပေးကြပါဦး ခင်ဗျာ။ ကျွန်တော်တို့ကတော့ ပြည်သူတွေ ထောက်ပံ့ပေးတာတွေနဲ့ အမြန်ဆုံး မိစ္ဆာနှင်နိုင်ဖို့ကို အသင့်အနေအထား ရှိနေပါပြီ” လို့ KNDF- UAV ဌာန တာဝန်ရှိသူက ပြောပါတယ်။
“အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းဟာ ကိုယ်ပိုင်ဒရုန်း အစင်း ၂၀ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ တစ်သိန်း ၅ သောင်း၊ မြန်မာငွေ သိန်းပေါင်း ၄ ထောင် ၅ ရာ ရရှိဖို့ ပြုလုပ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။ ကမ်ပိန်း ကာလကို ဇူလိုင် ၃၁ ရက်နေ့အထိ သတ်မှတ်ထားတာပါ။
ကိုယ်ပိုင် အဝေးပြေးဒရုန်း Fixed-Wing UAV ထုတ်လုပ်ဖို့ အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ ကမ်ပိန်း အောင်မြင်ရေး ကူညီ လှူဒါန်းလိုသူတွေ အနေနဲ့ KNDF-UAV Department လူမှုကွန်ရက် စာမျက်နှာကို တိုက်ရိုက် ကူညီ လှူဒါန်းနိုင်ပါတယ်။
ဒရုန်းတစ်စင်းကို သိန်း ၁၅၀ သတ်မှတ်ထားပြီး တစ်ယောက် တစ်စုတည်း အနေနဲ့ ဒရုန်းတစ်စင်း ၂ စင်း စသဖြင့် လှူဒါန်းသူတွေ အတွက် ဒရုန်းပေါ်မှာ နာမည်ရေးထိုး ထားပေးတယ်လို့ KNDF က ပြောဆိုထားပါတယ်။
လက်ရှိ ပြည်တွင်း ပြည်ပ ပညာရှင်များနဲ့ ပူးပေါင်းပြီး ဒရုန်းတွေ စတင် ထုတ်လုပ်နေပြီလို့ KNDF က ထုတ်ပြန်ထားပါတယ်။
ကမ်ပိန်း အတွင်း ပါဝင်အားဖြည့်ပေးတဲ့ Fundraisers များ၊ အနုပညာရှင်၊ influencer များ အားလုံးကို ကျေးဇူးတင်ရှိသလို ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်တယ်လို့ KNDF က ဆိုပါတယ်။