စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းမှာ ဇူလိုင် ၃၁ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွင်း ဒေသခံ ၆ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပုလဲမြို့နယ်၊ အင်မထီး(ပျူ) ရွာကနေ အနောက်ဘက် ၁ မိုင်ခွဲခန့်မှာရှိတဲ့ ကန့်ဒေါင့်ကျေးရွာ ရဲကင်းစခန်းကို ဒီမနက် ၆ နာရီလောက်မှာ စစ်သားအင်အား ၈၀ လောက်က စစ်ကြောင်းတက်လာတာကြောင့် အဲ့ဒီလမ်းတလျောက်ရှိ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးခဲ့ကြရတာလို့ ဆိုပါတယ်။
“ဒီစစ်ကြောင်းက ရွာကအိမ်တွေ မီးရှို့သွားတာတော့ မရှိသေးပါဘူး။ ပျူရွာအတွက် ရိက္ခာရှာပေးဖို့လာတာ ဖြစ်ဖို့များတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတော့ မဟုတ်ဘူး။ အခုထိ မီးရှို့တာ၊ ဖမ်းဆီးတာ မရှိသေးပါဘူး” လို့ ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်အဖွဲ့မှ ဦးဇော်ထက်က မြေလတ်အသံကို ပြောပါတယ်။
စစ်ကြောင်းသွားရာ လမ်းတလျောက်ရှိ သာယာကုန်း၊ ဦးနှောက်၊ ကိုင်းတွင်း၊ သရက်ကန်၊ တလိုင်းကန်၊ ညောင်ရင်းကုန်း၊ မဲဇရပ်၊ မင်းတိုင်ပင်၊ ရွာသစ်၊ သာစည်ကျေးရွာတွေက ဒေသခံ ၆ ထောင်ကျော် တိမ်းရှောင်ခဲ့ကြရတာပါ။
အဲ့ဒီစစ်ဘေးရှောင်တွေကို သက်ဆိုင်ရာရပ်ကျေး ပအဖ၊ ပကဖ၊ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ Western Chindwin Association (WCA) အဖွဲ့နဲ့ ဒေသခံအချို့ ပူးပေါင်းကာ နားနေဖို့နေရာနဲ့ အစားအသောက်တွေ ကျွေးမွေးကာ ကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အင်မထီးနဲ့ ကန်ထောင့်ရွာနှစ်ရွာအကြားရှိ သရက်ကန်၊ ဦးနှောက်၊ ညောင်ရင်းကုန်း၊ မဲဇရပ်၊ သာစည် စတဲ့ ရွာက ပြည်သူတချို့ကတော့ ရွာထဲကို ပြန်ဝင်နေကြပြီလို့ သိရကာ စစ်ကြောင်းကတော့ ကန့်ဒေါင့်ရဲကင်းစခန်းမှာအထိုင်ချပြီး ဇီးဖြူကုန်း(ပျူ)ရွာဘက်ကို ဆက်သွားနိုင်တယ်လို့ သိရပါတယ်။