ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဟာကြီးရပ်ကွက်နေသူ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က PDF ထောက်ပို့လုပ်တယ်ဆိုကာ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၃၀ ရက် ည ၉ နာရီခန့်မှာ အသက် ၅၂ နှစ်အရွယ်ရှိ ကိုသန်းမင်းထွဋ်ဆိုသူကို စစ်ကောင်စီတပ်တွေက နေအိမ်မှာ အင်အားသုံးဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“သူကို ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းသွားကြတယ်။ စကစ ဘက်ကတော့ ဒီလိုပဲ အကြောင်းပြ ဖမ်းနေတာပဲ။ ပဲခူးမှာဆို ဒီလိုပဲ ဖမ်းဆီးခံနေရာသူတွေက အများသားပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးသန်းမင်းထွဋ်ဟာ ကိုဗစ်ကာလအတွင်းက လူမှုကူညီရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖူးသူတဦးဖြစ်ပြီး ကိုဗစ်နောက်ပိုင်းမှာတော့ မိသားစုစီးပွားရေးအတွက် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကိုသန်းမင်းထွဋ်ကို စစ်ကောင်စီအဖွဲ့တွေက ဘယ်ကိုခေါ်သွားပြီး ဘယ်မှာထားထားလဲဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်ခန့်ကလည်း ပဲခူးမြို့၊ ဒိုင်းနောက်ရပ်ကွက်နေ K pay ငွေလွှဲလုပ်သူ အမျိုးသား ၁ ဦးကိုလည်း ထောက်ပို့လုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းသွားပါသေးတယ်။
ပဲခူးမြို့မှာ PDF နဲ့ပတ်သက်သူ၊ ထောက်ပို့လုပ်သူဆိုပြီး စစ်ကောင်စီဘက်က အကြောင်းပြ ဖမ်းခံရသူတွေဟာ ဇူလိုင်အတွင်း ၁၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။