စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမားကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ လူငယ် ၂ ဦးအား နှိပ်စက်သတ်ဖြတ်ပြီး မြေမြုပ်ထားသည့် အလောင်းကို ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့၌ ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းဖမ်းဆီးခံရသည့် ကိုဘရန်အောင်နှင့် ကိုတူးဂျာတို့နှစ်ဦးသည် အားကစားပစ္စည်းများ ဝယ်ယူပြီး မူဆယ်မြို့မှ ကျေးရွာသို့ပြန်လာစဉ် ဇူလိုင်လ ၂၅ ရက်နေ့၌ တီးမားရွာသို့ပြန်လာရန် နမ့်အွန်ကျေးရွာမှအထွက် သစ်တော်အနီးတွင် ၎င်းတို့နှစ်ဦးစီးနင်းမောင်းနှင်လာသည့် အသင်းတော်ကားနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်က အဆိုပါ လူငယ် ၂ ဦးကို သတ်ဖြတ်ပြီးနောက် TNLA စစ်ယူနီဖေါင်း လဲဝတ်ပေးကာ နမ့်အွန်ကျေးရွာအနီး သစ်တောတစ်နေရာ၌ မြေမြုပ်ထားသည်ကို ဒေသခံများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
၎င်းလူငယ် ၂ ဦးဖမ်းဆီးခံရသည့်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်ခဲ့၍ လက်နက်ထိမှန်သေဆုံးခဲ့သည့် နမ့်အွန်ကျေးရွာမှ ဦးအိုက်လော့၏ အလောင်းကိုလည်း စစ်ကောင်စီတပ်က လုယူသွားပြီး TNLA စစ်ယူနီဖေါင်း ဝတ်ပေးကာ တောထဲ၌ပစ်ထားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့သည် မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအထက် ဆီဆိုင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် နမ့်အွန်ကျေးရွာအတွင်းသို့ လက်နက်ကျရောက်ကာ ဦးအိုက်လော့နှင့် နောက်ထပ်ရွာသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။