အမေရိကန်နိုင်ငံ၊ lowa ပြည်နယ်သို့ NUG အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး သွားရောက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် အမေရိကန် ပြည်ထောင်စု၊ Iowa ပြည်နယ်၊ Des Moines မြို့နှင့် Marshalltown မြို့များကို ဇူလိုင်လ ၂၉ ရက်မှ ၃၁ ရက်နေ့များ အတွင်း ၃ ရက်တာ သွားရောက်ခဲ့ပြီး မြန်မာမိသားစုများ၊ အခြား မြန်မာနွယ်ဖွား၊ တိုင်း ရင်း သား လူမျိုးများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်အတွင်း ချင်းခရစ်ယန် အသင်းတော်များ၊ အာသောကရာမ ရခိုင် ဘုန်း တော် ကြီးကျောင်းနှင့် ယောနွယ် Dhammma Center ( TDSI ဘုန်းတော်ကြီး သွားရောက် ဖူးမျော်၍ လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် US Advocacy Coalition Myanmar (USACM) မှ Mike Haack က Burma Act/NDAA နှင့် ပတ်သက်၍ Iowa ပြည်နယ်တွင်ရှိသည့် မြန်မာ နွယ်ဖွား တိုင်းရင်းသား လူမျိုးများ အနေဖြင့် အမေရိကန် အစိုးရကို အကောင်း ဆုံးနှင့် အမြန်ဆုံး အကောင်အထည် ဖော်ရေး ဆက်လက် တွန်းအားပေးကြရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ၏ လက်ရှိလုပ်ဆောင် နေသော လုပ်ငန်းများ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လုပ်ငန်းစဥ်များ၊ လက်ရှိတော်လှန်ရေးအတွက် လိုအပ် ချက်များ၊ ပြည်သူ လူထု၏ ပါဝင်ဆောင်ရွက်နိုင်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီများ ကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံတကာ တရားစီရင်မှု ယန္တရားကို အသုံးပြု၍ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံမှု ဆိုင်ရာ ဆောင်ရွက်ချက်များ၊ တိုင်းရင်းသား လူမျိုး အသီးသီး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ ဆက်ဆံ ရေးနှင့် နိုင်ငံခြားရေး ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရန်ပုံငွေရှာဖွေရေး ဆိုင်ရာ ကိစ္စရပ် များနှင့် တော်လှန်ရေး အောင်မြင်မှုဆိုင်ရာ အထောက် အပံ့ဖြစ်စေသာ လုပ်ငန်းရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။