သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၆ နာရီဝန်းကျင်လောက်မှာ ပဲဒက်ရွာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကစတင်တိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုလည်းရှိခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
“စစ်တပ်နဲ့ပျုတွေဘက်က ထိခိုက်သေဆုံးရှိတယ်။ အရေးပေါ်ကားတွေနဲ့ ပလောက်ဆေးရုံဘက်ကို သယ်နေတယ်” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပဲဒက်ကျေးရွာ စခန်းကုန်းကို ပိတောက်ကြီးကျေးရွာအနီးမှာ PDF စခန်းတည်ဆောက်ထားတဲ့ အဖွဲ့က RPGနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားကြောင်းရေးသားထားပါတယ်။
တိုက်ပွဲကြောင့် ပဲဒက်ရွာကဒေသခံအများအပြား နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရသလို ပဲဒက်ရွာအနီးက ပိတောက်ငယ်နဲ့ တခွန်တိုင်ရွာတွေက ဒေသခံတချို့လည်း စစ်ဘေးရှောင်နေရပါတယ်။