ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ နိုင်ငံတစ်ဝန်းက အကျဥ်းသားတွေကို ပြန်လွတ်ပေးချိန် တနင်္သာရီအတိုင်းက အကျဥ်းသား တစ်ရာကျော်လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ ထားဝယ်ထောင်က ၃၅ ဦး၊ မြိတ် ထောင်က ၃၂ ဦး၊ ကျောက်ဖြူတောင် အကျဥ်းစခန်းက ၁၇ ဦး၊ ထုံခါ(ဆင်ဖြူရှင်) အကျဥ်းစခန်းက ၁၆ ဦး နဲ့ ကော့သောင်းထောင်က ၄၀ ဦး စုစုပေါင်း ၁၄၀ ဝန်းကျင်ပြန်လွတ်လာတယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား တစ်ဦးတစ်လေပဲ ပါဝင်ပြီး အများစုကတော့ ခိုးမှု၊ လုယက်မှုနဲ့ မူးယစ်အမှုတွေကျခံထားရသူတွေဖြစ်တယ်ဆိုတာ သိထားရတယ်လို့ ထားဝယ်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“နိုင်ငံရေးအကျဥ်းသားက လွတ်ရက်နီးနေတဲ့သူတွေတောင်ပါမလားဘူး။ အစကနိုင်ကျဥ်းတွေအများကြီးပါတယ်ကြားတာ” လို့အကျဥ်းထောင်နဲ့နီးစပ်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ အကျဥ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ကြေညာထားပါတယ်။
စစ်ကောင်စီဟာ အခုနှစ်မေလကလည်း တနင်္သာရီတိုင်းက အကျဥ်းသား ၅၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။