စစ်ကောင်စီက သြဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့ အကျဥ်းသားတွေ ပြန်လွှတ်ရာမှာ မတရား ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော် လွတ်မြောက်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယဝါဆိုလပြည့်နေ့မှာ နိုင်ငံတဝှမ်း အကျဉ်းသား ၇,၇၄၉ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အနက် ဒီနေ့ မနက် ၁၀ နာရီအထိ နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော် ပါဝင်တာကို အတည်ပြုထားပြီး ဆက်လက် အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများဟာ မတရား ဖမ်းဆီး ခံထားရသူများသာဖြစ်ပြီး ဖမ်းဆီး ခံသင့်သူများ မဟုတ်ဘူးလို့ AAPP က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများဖြစ်တဲ့ MNDAA၊ TNLA၊ SSPP/SSA၊ AA အဖွဲ့ ၄ ဖွဲ့က ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အာဏာသိမ်းချိန်ကစပြီး အပြစ်မဲ့ ပြည်သူပေါင်း ၂၄,၁၃၀ ကို မတရား ဖမ်းဆီးခဲ့တာ စစ်ကောင်စီက ငြင်းဆိုဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးနေတယ် ဆိုပေမဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ နိုင်ငံအနှံ့ ဆက် လုပ်နေဆဲ ဖြစ်သလို ဇူလိုင်လအတွင်း လူ ၁၄၄ ဦးကို ဖမ်းဆီးခဲ့ပြီး လူ ၁၀၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။