ထားဝယ်မြို့နယ်၊ ဟိန္ဒာရွာမှာ ဒီကနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာကစာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟိန္ဒားရွာမှာ ဒီနေ့နေ့လယ် ၁၂ နာရီလောက်ကစလို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ အများအပြားထွက်ပေါ်ခဲ့တာပါ။
ဒေသခံတွေကတော့ တော်လှန်ရေးအဖွဲ့တစ်ခုက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလာရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်ကပြန်လည် ပစ်ခတ်တာလို့ ဆိုပါတယ်။
“ပထမဆုံး လက်နက်ကြီးသံနဲ့ သေနတ်သံကြားတယ်။ ပြီးမှ စစ်တပ်က နင်းကုန်ပစ်တာ။ ရွာနဲ့ကအနီးကပ်ကြီးဆိုတော့ ဘယ်ပြေးရမှန်းကိုမသိဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လက်နက်ကြီးပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကိုတော့ နေ့လယ် ၁ နာရီလောက်အထိ ကြားနေရတယ်လို့လည်း သူကဆက်ပြောပါ တယ်။
အဲဒီလိုပစ်ခတ်သံတွေထွက်ပေါ်နေချိန် ဟိန္ဒားရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ အခြေခံပညာ မူလတန်းကျောင်းတွေကို နေ့တဝက်ပိတ်လိုက်ပြီး ကျောင်းသားတွေကိုလည်း မိဘတွေက လာရောက်ခေါ်ယူခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး ၅ ချက်ဝန်းကျင်ပစ်ခတ်ခဲ့ပြီး ရွာအနီးကတောတွေထဲကို ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။
ဟိန္ဒားရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်က တပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။ သူတို့ဟာ ညဘက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေကို ရမ်းသမ်းပစ်ခတ်တာမျိုးကိုလည်း မကြာခဏလုပ်ဆောင်တတ်တယ်လို့ သိရပါတယ်။
ဟိန္ဒားရွာဟာ နာမည်ကျော်ဟိန္ဒားသတ္တုတွင်းတည်ရှိတဲ့ကျေးရွာဖြစ်ပြီး ထားဝယ်မြို့ကနေ မိုင် ၃၀ ခန့်အကွာအဝေးမှာ တည်ရှိပါတယ်။