ရခိုင်ပြည်နယ်မှာ အေအေနဲ့ ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံရသူတွေရဲ့ အမှုတွေဟာ တနှစ်ကျော် ကြာလာတဲ့အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ရုံးချိန်းတွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေတယ်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ရဲ့ တကျော့ပြန် တိုက်ပွဲကာလအတွင်း အေအေနဲ့ ပတ်သက်ဆက်စပ်လို့ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတချို့ကို ဖမ်းဆီး တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မေလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်တွေနဲ့ တရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ်က ကိုပြည့်စုံဝင်း အမှုမှာလည်း မထူးခြားသေးဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။
“နှစ်မှုလုံး ဘာမှထူးမလာသေးပါဘူး။ ရုံးချိန်းတွေရှိရင် သွားရတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက မစစ်ဖြစ်တာ များတယ်။ ဒီသီတင်းပတ်တွေအတွင်းတော့ စစ်ဖြစ်တယ်။ ကျမကတော့ လွတ်စေချင်နေပြီ။ အမှုက စစ်တောင်မပြီးသေးဘူး။”
ဒါ့အပြင့် ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်လို့ဆိုပြီး ၁၇(၁) ပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ အမ်းမြို့နယ်က သမဝါယမဥက္ကဋ္ဌ ဦးအောင်တင်မြင့်၊ တောင်ကုတ်မြို့နယ်က ဒေါက်တာကျော်သူရထွန်းတို့ရဲ့ အမှုတွေလည်း အပြီးသတ် အမိန့်ချမယ့်ရက်တွေကို ထပ်တလဲလဲ ရွှေ့ဆိုင်းခံနေကြရတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် အေအေ ဆက်စပ်မှုနဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာ မြောက်ဦးမြို့နယ်က ကိုကျော်ဝင်းလှိုင်၊ ကျောက်တော်မြို့နယ် ကဝိရတနာစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ဦးကျော်ဟိန်း၊ ဘူးသီးတောင်မြို့နယ်က တပ်မင်းချောင်းအုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၂၀၀ ကျော်အထိ ရှိပြီး ဒီအထဲက ပြန်လွတ်မြောက်လာသူ အရေအတွက်ဟာ ၈၀ ကျော်ပဲ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။