ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) မှ ပြုလုပ်တဲ့ “ပရောဂျက် မေ ၂၁” ကမ်ပိန်း မဲလက်မှတ် သတ်မှတ် ပမာဏ ၉၅ ရာခိုင်နှုန်း ရောင်းချခဲ့ရပြီး သတ်မှတ်ရက်အတိုင်း အဆုံးသတ်နိုင်ခဲ့တယ်လို့ KNDF တပ်ရင်း (၉) ကပြောပါတယ်။
အဲ့ဒီကမ်ပိန်းရဲ့ ပေါက်မဲတွေကို KNDF တပ်ရင်း (၉) တည်ထောင်တဲ့ ၂ နှစ်ပြည့်နေ့ ဖြစ်တဲ့ ဩဂုတ်လ ၂ ရက်နေ့ ညမှာ Live လွှင့်ပြီး မဲဖောက်ပေးခဲ့ပါတယ်။
မေလ ၂၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ကမ်ပိန်း မဲလက်မှတ် တစ်စောင် ၃ သောင်းကျပ်နဲ့ ရောင်းချခဲ့ရာမှာ မဲလက်မှတ် ၉၅ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့လို့ သတ်မှတ်ထားတဲ့ ဩဂုတ် ၂ ရက်နေ့ ညမှာ ပေါက်မဲတွေ ကြေညာပေးခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ပရောဂျက် မေ ၂၁ ဟာ သတ်မှတ်ထားတဲ့ ပမာဏ မပြည့်ခဲ့သော်လည်း ၉၅ ရာခိုင်နှုန်းနဲ့ ပိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ပရောဂျက်ဟာ မထင်မှတ်ထားတဲ့ အတိုင်းအတာထိ ပြည်တွင်း ပြည်ပမှ အလှူရှင်များရဲ့ ဝိုင်းဝန်းပါဝင် ကူညီပေးမှုကြောင့် ၉၅ ရာခိုင်နှုန်းထိ မဲများ ရောင်းချနိုင်ခဲ့ပါတယ်” လို့ KNDF တပ်ရင်း (၉) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါကြောင့် မဲတွေကို ဝယ်ယူပေးကြတဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း သူကပြောပါတယ်။
ပေါက်မဲတွေ အနေနဲ့ ပထမဆု- MITSUBISH ကားတစ်စီး၊ ဒုတိယဆု- ရွှေဆွဲကြိုး၊ တတိယဆု-REDMI NOTE 12 PRO ဖုန်းနဲ့ ဂစ်တာ၊ နာရီ၊ ရိုးရာဝတ်စုံတွေ ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ တူမီး၊ လေးခွ၊ ပွိုင့်၂၂၊ တစ်တောင့်ထိုး လက်နက်တွေနဲ့ အသက်သွေးချွေးရင်းပြီး ဒီးမော့ဆို ညောင်ကိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို အောင်မြင်စွာ တော်လှန် တိုက်ထုတ်နိုင်ခဲ့တာတာကြောင့် “ပရောဂျက် မေ ၂၁” လို့ နာမည်ပေးရတာ ဖြစ်တယ်လို့ KNDF တပ်ရင်း (၉) ကပြောပါတယ်။
ဒီပရောဂျက် ကမ်ပိန်း ပြုလုပ်ရတာဟာ အချိန် ကြာမြင့်လာြပီဖြစ်တဲ့ တော်လှန်ရေး ကာလမှာ အိမ်ပြန်ချိန် အမြန်ဆုံး ရောက်ရှိဖို့၊ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အပြင် လာမယ့် တိုက်ပွဲ တွေမှာ ရလဒ်ကောင်းတွေ ထပ်မံရရှိဖို့ ရည်ရွယ် ပြုလုပ်တာဖြစ်တယ် သိရပါတယ်။