ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ စစ်ရှောင် စာသင်ကျောင်း တစ်ခုမှာ သြဂုတ်လ ၁ ရက်နေ့က အာဟာရ အနေနဲ့ အုန်းနို့ခေါက်ဆွဲနဲ့ စာရေးကိရိယာတွေ အပြင် စိတ်ကျန်းမာရေး အတွက် သွားရောက် ပံ့ပိုးပေးခဲ့တယ်လို့ ရှမ်းတောင် လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဂျိုကာ က ပြောပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကလေးငယ် ၁၅၀ ဦးကျော်ရှိပြီး ဆရာ၊ ဆရာမ ၁၁ ဦးက စာသင်ပေးနေတယ်လို့ သိရပါတယ်။
“ကလေးတွေ ခက်ခဲနေတဲ့ အတွက်ရယ်၊ အကူညီတောင်းလို့ရယ်၊ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင် ကျန်းမာစေဖို့ ဂိမ်းတွေ ဆော့ပေးဖြစ်တယ်” လို့ သူက ပြောပါတယ်။
ကလေးငယ်တွေ အတွက် စာရေးကိရိယာတွေဖြစ်တဲ့ စာအုပ်၊ ခဲတံ၊ ဘောပင် သင်ထောက်ကူတွေနဲ့ ဆရာတွေ အတွက် ထောက်ပံ့ကြေးအပြင် အာဟာရ အနေနဲ့ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ဂိမ်းကစားတာတွေ၊ အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးပြီး အနိုင်ရရှိသူကို ဆုငွေခဲ့တယ်လို့ သိရပါတယ်။
စာသင်ကျောင်း အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ ချိုးဖြူတပ်ဖွဲ့က ရဲဘော်တွေ မုန့်ဖိုးတွေစုပြီး အခုလို ကူညီပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။