ကရင်နီပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တပ်မ(၆၆) ပါဝင်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနေခြင်း ကြောင့် ဖွဲ့စည်းပုံပျက်သည့်အထိ အင်အားလျော့နည်းနေကြောင်း သိရသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်မ (၆၆) မှ တပ်သားများသည် ထိခိုက်သေဆုံးသူများခြင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများခြင်းနှင့် တပ်ကိုစွန့်ခွာ ထွက်ပြေးသူများပြားနေခြင်းကြောင့် တပ်အင်အားလျော့နည်းသွားကြောင်း ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့၀င်များထံက သိရသည်။
“တိုက်ပွဲကာလတွေမှာ ထိခိုက်သေဆုံးတာတွေရယ်၊ အရှင်ဖမ်းမိတာတွေရယ် ဒီဘက်ကို လာရောက်ပူး ပေါင်းသူတွေရယ်ဆိုရင် တပ်မက ပျက်နေပြီလို့ပြော လို့ရတယ်။ နောက်တန်းက စစ်ကူတွေဘယ်လောက် ပို့ပို့ အချိန်ကြာကြီးတိုက်နေရတဲ့ တပ်ဖွဲ့တွေက အင်အား တွေမရှိတော့ဘူး။ ထပ်တက်လာ ထပ်သေမှာပဲ”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းတပ်မ (၆၆) သည် စစ်တပ်မှ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်တွင်ပင် အခြေစိုက်ရာ ပဲခူးတိုင်းအနောက်ခြမ်းမှနေ၍ ကရင်နီဒေသအတွင်းသို့ ပြောင်းရွှေ့ကာ တိုက်ခိုက်ရေး ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
တပ်မ (၆၆) ခြေမြန်တပ်မဌာနချုပ် (တမခ-၆၆)သည် ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ အမ်းမမြို့ အခြေစိုက် တပ်မဖြစ်ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အများအပြား တပ်မမှူးအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး စစ်ခေါင်းဆောင် ၏ အားထားရာ တပ်မတစ်ခုဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ခေါင်းဆောင် အားထားရသည့် တပ်မ (၆၆) သည် လက်ရှိအချိန်တွင် ကရင်နီပြည်နယ် အတွင်း၌ ထိခိုက်သေဆုံးမှုများကြောင့် အင်အားလျော့နည်းနေ၍ ဖွဲ့စည်းပုံ ပျက်ကာ အခြားတပ်ရင်းတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကြောင်းထိုး ၀င်ရောက်မှုများပြု လုပ်နေရကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များ ထံကသိရသည်။
တပ်မ(၆၆) သည် ပဲခူးတိုင်း အခြေစိုက်များဖြစ်သည့် ပြည် ခမရ-၄၊ ပေါင်းတည် ခမရ ၅၊ သဲကုန်း ခလရ ၈၀၊ အင်းမ ခလရ ၁၊ မင်းလှ ခလရ ၁၄၊ အုတ်ဖို ခမရ ၆၊ သာ ယာ၀တီ ခမရ ၁၀၊ ခလရ ၃၅ နှင့် ဧရာ၀တီတိုင်း အခြေစိုက် ခမရ ၁၀၈၊ ဓနုဖြူနှင့် ပုသိမ်အခြေစိုက် ခလရ ၁၁ စသည့် တပ်ရင်း ၁၀ ရင်းကို ကွပ်ကဲရပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ အုပ်ချုပ်နေသည့် တပ်မဖြစ် သည်။
ကရင်နီပြည်နယ်အတွင်း နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်၏ နယ်မြေ အခြေစိုက်တပ်များဖြစ်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက လွိုင်ကော်)တပ်ရင်းများအပြင် တပ်မ(၅၅)၊ တပ်မ (၆၆)၊ တပ်မ(၉၉)၊ စကခ-၂ ၊ စကခ-၇ တပ်များနှင့် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၂,၆၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း နှစ်နှစ်ပြည့်အဖြစ် စစ်ရေး အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မ (၆၆) သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စဉ်တွင် လူ ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် တပ်မဖြစ်သည်။