ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့နယ်မှာ စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေထဲ တပ်စွဲ နေထိုင်လာတဲ့ အတွက် ကြောက်လန့်နေရတယ်လို့ ပင်းတယ ဒေသခံတွေက ပြောပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLA တည်ထောင်ပြီးကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဓနုဒေသမှာ စစ်ဆေးမှု ပိုတင်းကြပ်ပြီးနောက် အခုလို ကျေးရွာတွေထဲမှာပါ တပ်စွဲလာတာ ဖြစ်တယ်လို့ ဒေသခံ ဓနု အမျိုးသား တစ်ဦးက ပြောပါတယ်။
အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၃၀ ရက်နေ့မှာ ပင်းတယမြို့နယ် မြစေတီကျေးရွာထဲ ဝင်ရောက် တပ်စွဲခဲ့ပါတယ်။
“အခု သူတို့တွေက ဘုန်းကြီးကျောင်းကို ခံတပ်လုပ်ပြီး ဝင်နေနေတယ်။ ရွာတွေထဲကိုလည်း ကင်းလှည့်တာတွေ လုပ်လာတယ်။ သူတို့ အဲ့လိုနေတော့ ဒေသခံတွေက တောင်ယာကိုလည်း ကောင်းကောင်းမသွားရတော့ဘူး။ လပြည့် လကွယ် ဘုန်ကြီးကျောင်း တက်ဖို့လည်း ကြောက်နေရတယ်။ သူတို့ရောက်လာမှ ပြည်သူလူထု ပိုပြီး မလုံခြုံ ဖြစ်သွားတယ်လေ။ ကြောက်စိတ်နဲ့ နေနေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ရွာထဲ လာရောက် စခန်းချ နေထိုင်တာကြောင့် ဒေသခံတွေဟာ ညအချိန်တွေမှာ သွားလာမှု မပြုရဲတော့ဘဲ တစ်အိမ်နဲ့ တစ်အိမ် အိမ် အလည် မသွားတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က အကြောင်းမရှိ အကြောင်းရှာပြီး ဒုက္ခပေးနိုင်တဲ့ သူတွေဆိုတော့ ကြောက်ရတာပေါ့။ ပြဿနာရှာပြီး အဖမ်းခံရရင် ပြန်လွတ်တာ မလွတ်တာက တစ်ကဏ္ဍ ဒုက္ခရောက်မှာက အရင် ဖြစ်တယ်လေနော်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် အနေနဲ့ မြစေတီကျေးရွာမှာ ဘယ်အချိန်ထိ တပ်စွဲနေထိုင်မှာကို မသိရသေးတာကြောင့် ရေရှည် တပ်စွဲထားမှာကို ဒေသခံတွေက မလိုလားဘူးလို့ ဆိုပါတယ်။
ပင်းတယမြို့နယ်၊ မြစေတီကျေးရွာဟာ လက်ဖက်၊ ကော်ဖီတွေ စိုက်ပျိုး လုပ်ကိုင်နေတဲ့ ကျေးရွာဖြစ်ပြီး ဓနု တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။