စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမားကျေးရွာမှ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၃ ရက်နေ့၌ မြေမြုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
၎င်းသတ်ဖြတ်ခံခဲ့ရသည့် လူငယ်နှစ်ဦးမှာ တီးမားကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ကိုတူးဂျာ အသက် ၂၅ နှစ်၊ ကိုဘရန်အောင် အသက် ၂၇ နှစ်တို့ ဖြစ်သည်။ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာမှ တီးမားကျေးရွာသို့ အသင်းတော်ကားဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ၎င်းတို့နှစ်ဦး၏ အလောင်းကို TNLA စစ်ယူနီဖေါင်း လဲဝတ်ပေးကာ မြေမြုပ်ထားသည့် အလောင်းအား ဇူလိုင် ၃၁ ရက်နေ့၌ ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၂၅ ရက်နေ့တွင် နမ့်အွန်ကျေးရွာ အထက်ဆီဆိုင်အနီး၌ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နမ့်အွန်ကျေးရွာမှ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။