စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ် ရပ်ကွက်များတွင် ဇူလိုင်လ ကုန်ပိုင်းကစတင်ပြီး ညအချိန်နေအိမ်များ ဖောက်ထွင်းခံရမှုတွေပိုများလာကြောင်း ဒေသခံများထံမှသိရသည်။
ဩဂုတ်လ ၁ ရက်နေ့ တစ်ညအတွင်း ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်များတွင်နေအိမ် ၃ လုံးထက်မနည်း ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်းသိရှိရသည်။
“သူခိုးတွေပိုများလာတယ်၊ နေ့တိုင်း ဟိုမှာခိုးခံရဒီဆိုင်အဖောက်ခံရနဲ့ တိုင်လဲမိတာမဟုတ်ဘူး ခုကပိုအတင့်ရဲလာကြပြီ “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်နှင့် ရဲများ ရပ်ကွက်များကို ကင်းလှည့်နေသော်လည်း ဖောက်ထွင်းခိုးယူသူတွေက အုပ်စုဖွဲ့ပြီး နေအိမ်တွေကို ဝင်ခိုးတာမျိုးပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ပုသိမ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ လမ်းသွားလမ်းလာများကို ဆိုင်ကယ်စီးပြီး လိုက်လံလုယက်မှုတွေနဲ့ နေအိမ်တွေကို ၀င်ရောက်ခိုးယူမှုတွေပိုမိုဖြစ်ပွားခဲ့ပြီး တရားခံများကိုဖမ်းမိခြင်းတစ်ကြိမ်မှမရှိသေးကြောင်း ဒေသခံများမှပြောသည်။
“တစ်ချို့ လုတဲ့အပြင် လူကိုပါ ဓါးနဲ့ထိုးသွားသေးတယ်။ ညဘက်ဆိုအပြင်ထွက်ရမှာလန့်နေရတယ်” ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့တွင် နေ့စဥ်နေ့တိုင်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များအင်အားအများအပြားကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေခြင်းကြောင့် ခိုဆိုးလုနိူက်မှုတွေ နေ့စဥ်ဖြစ်ပွားနေပြီး လောင်းကစား၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။