ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ဝန်းကျေးရွာက အရပ်သား ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က မနေ့ ဩဂုတ် ၄ ရက်၊ ညနေပိုင်းမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ညောင်ဝိုင်းကျေးရွာက နေအိမ်တွေကို မွှေနှောက် ရှာဖွေပြီးနောက် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-DPLF နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ အရပ်သား ၂ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာပါ။
“ဓနု PDF ဖွဲ့တယ်လို့ ကြေညာပြီးကတည်းက တောက်လျှောက် ဖမ်းနေတာ ကြာပြီ။ ပင်းတယရော ရွာငံ မှာရော။ အခု ဖမ်းခံရတဲ့ ၂ ယောက်ကတော့ ဘာနိုင်ငံရေးမှ မလုပ်ပါဘူး။ သူတို့ဟာ သူတို့ တောင်ယာပဲ လုပ်နေတာ။ အေးအေးဆေးဆေးပါပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးဟာ အသက် ၃၀ ကျော်အရွယ် ကိုဟန်ဝင်းသူ နဲ့ ဦးကျော်သိန်း တို့ဖြစ်ပြီး DPLF နဲ့ ဆက်စပ်မှု မရှိနိုင်ဘူးလို့ ညောင်ဝန်းကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။
လတ်တလောမှာတော့ သူတို့ ၂ ဦးကို ဘယ်မှာ ချုပ်နှောင်ထားတယ် ဆိုတာ အတိအကျ မသိရသေးပေမယ့် တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်(ရပခ) စစ်ကြောရေး စခန်းကို ခေါ်ဆောင်သွားတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့က DPLF ဖွဲ့စည်းတယ်လို့ ကြေညာပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီတပ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ရွာငံနဲ့ ပင်းတယမြို့နယ်မှာ အရပ်သားတွေကို တောက်လျှောက် ဖမ်းဆီးခဲ့ရာ ဒီနေ့ ဩဂုတ် ၅ အထိ ဖမ်းဆီးခံရသူ ၁၉ ဦး ရှိပြီလို့ သိရပါတယ်။
အဲဒီ ၁၉ ဦးကို ဘယ်မှာ ချုပ်နှောင်ထားတယ် ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။