စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက စေသူကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ဩဂုတ် ၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ စေသူရွာသစ်ကွင်းမှာရှိတဲ့သစ်တွေသယ်ဖို့အတွက် ရွှေတောင်ဦးအနီး အောင်ဇေယျ စစ်မှုထမ်းဟောင်း ရပ်ကွက်ကနေ ယာကြီး-ကလေးလမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “စုန်းချောင်း၊ ပတိမ်ပြင်ရွာတွေဆီ စစ်ကြောင်းထိုး လာတယ်ဗျ။ မနက်ခင်း ၇ နာရီလောက် ရောက်တော့ ပတိမ်ပြင်ရွာနားမှာ ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ ချင်းတွင်းမြစ်ထဲကနေလည်း စစ်သင်္ဘော ၂ စင်းနဲ့ သစ်လုံးတွေတင်ဖို့ ဖလပ်သင်္ဘော ၄ စင်းနဲ့ စေသူရွာဆိပ်ကမ်းကိုရောက်လာတယ်။ စစ်သင်္ဘော ၂ စင်းကတော့ စေသူရွာရဲ့မြောက်ဘက်မှာရှိတဲ့ ကျောက်မှော်ရွာဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ သစ်လုံးတွေသယ်ဖို့အတွက် မြေပြင်စစ်ကြောင်းရော၊ မြစ်ကြောင်းကရော စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စုန်းချောင်းရွာ၊ စေသူရွာ၊ ကြက်လျှာရွာ၊ ပတိမ်ပြင်ရွာ၊ သံဘိုရွာ၊ နှောပင်၊ အင်းပတ်ရွာ၊ သံပုရာပင်ရိုးတောတိုက်၊ အင်ဖျားရွာ၊ ကျောက်မှော်ရွာစတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူထောင်နဲ့ချီ စစ်ကြောင်းရှောင်နေကြရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စေသူရွာမှာရှိတဲ့သစ်ကွင်းက သစ်လုံးတွေကို သယ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။