တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာနဲ့ကမ္ဘာနီကျေးရွာကြားမှာ ဒီနေ့ မနက် ၇ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာဥက္ကဋ္ဌတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက်ခွဲက ကမ္ဘာနီကျေးရွာ နေအိမ်မှ ဇီးကုန်းကို ဆိုင်ကယ်နဲ့သွားစဥ် ကျေးရွာနှစ်ရွာကြားရှိ တာဘောင်လမ်းဘေးမှာ သေနတ်နဲ့ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“သေနတ်သံက ရှစ်ချက်လောက်ရှိတယ်၊ ဘယ်သူမှထွက်ကြည့်ရဲဘူး၊ စစ်သားတွေ ရဲတွေရောက်တော့ သေနေပြီ။ ဇီးကုန်းကျေးရွာအုပ်စုက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပါ။”
သေဆုံးသူမှာ ဇီးကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဖြစ်ပြီး လည်ပင်း၊ လက်မောင်း၊ ရင်အုံတို့မှာ ကျည်ထိမှန်ဒဏ်ရာ ခုနှစ်ချက်နဲ့သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်ခံရပြီး နာရီဝက်မှသိတာ ကျည်ခွံတွေတွေ့တယ်။ ရဲရော လက်တလော စစ်တပ်ရော ရဲရောစစ်ဆေးနေတယ်” လို့ ပြောပါတယ်။
လက်တလောမှာ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဇီးကုန်းကျေးရွာနဲ့ကမ္ဘာနီကျေးရွာတွေမှာ စစ်ဆေးမှုအချို့ကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။