ဧရာဝတီတိုင်း၊ ဟင်္သါတမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကျည်ကာ အင်္ကျီများထုတ်ပေးနေကြောင်း သိရှိရသည်။
ကျည်ကာအင်္ကျီများကို သြဂုတ်လဆန်းပိုင်းက စတင်ကာထုတ်ပေးနေပြီး အုပ်ချုပ်ရေးမှူး တစ်ဦးကို ငွေကျပ် ၄ သောင်းပြန်ပေးရကြောင်း အုပ်ချုပ်ရေးအသိုင်းဝိုင်းမှ သိရသည်။
” အမှန်က အုပ်ချုပ်ရေးမှူးတွေကို ထုတ်ပေးတာလို့ သိရတယ်၊ဒါပေမယ့် လမ်းစရိတ်နဲ့ သယ်ယူစရိတ်ဆိုပြီး ပြန်တောင်းတာပါ”ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများကို ထုတ်ပေးသည့် ကျည်ကာအင်္ကျီမှာ မင်္ဂလာဒုံစျေးတွင် ငွေကျပ် ၃ သောင်းဖြင့်ပေးဝယ်ယူရနိုင်သည့် အမျိုးစားများဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်က မော်ကျွန်းမြို့နယ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက စကားပြောစက်များထုတ်ပေးကာ ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးအသိုင်းဝိုင်းမှ သိရသည်။