ဧရာဝတီတိုင်း လေးမျက်နှာမြို့တွင် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ထမင်းထုပ်နှင့် ဆေးဝါးပို့ဆောင်ခွင့် ပိတ်ပင်ခံထားရကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံကသိရသည်။
လေးမျက်နှာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ထမင်းထုပ်နှင့် ဆေးဝါးပို့ဆောင်ခွင့်အပေါ် စခန်းမှူး၏ ညွှန်ကြားမှုဟုဆိုကာ ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့ကစပြီး ပိတ်ပင်ခံထားရကြောင်း နိုင်ငံရေးပုဒ်မဖြင့်ဖမ်းဆီးထိန်းသိမ်းခံရသူ၏ မိခင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် အချုပ်ကျခံနေရသူများအတွက် နံနက်၊နေ့လည်နှင့်ညစာ ထမင်းထုပ်များကို စခန်းမှူးကတော်ဖြစ်သူမှ ငွေကျပ် ၉၀၀၀ကျပ်ဖြင့်ရောင်းချနေပြီး ဝယ်ယူနိုင်ခြင်း မရှိသည့် အချုပ်သားများအပေါ် အချုပ်ဆောင် တာဝန်ကျရဲတပ်သားများ၏ ခွဲခြားဆက်ဆံမှု ခံနေရကြောင်းလည်း ဖမ်းဆီးထိန်းသိမ်းခံရသူ၏ မိသားစုဝင်များက ဆိုသည်။
” ထမင်းထုပ်အပြင်ကပို့ရင်လက်မခံဘူး။ စခန်းမှုးကတော်က ထမင်းထုပ်လိုက်ရောင်းနေတယ် ။ မနက်၊နေ့လည်၊ညစာ အားလုံးပေါင်း ကျပ်ကိုးထောင် ဆိုတော့ ဘယ်ဝယ်စားနိုင်မလဲ။ မဝယ်နိုင်တဲ့သူဆိုရင် အချုပ်ဆောင်ကျတဲ့ရဲတွေက ဘာမှမကျွေးခိုင်းပဲအငတ်ခံနေခိုင်းတယ် ” ဟု ဖမ်းဆီးခံ တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ တစ်လအတွင်း နိုင်ငံရေးပုဒ်မ ဖြင့်ဖမ်းဆီးခံရသူ CDM ကျောင်းဆရာ တစ်ဦးအပါအဝင် အခြားအမှုများဖြင့် ထိန်းသိမ်းခံရသူ အမျိုးသား၊အမျိုးသမီးစုစုပေါင်း ၈၀ ကျော်အထိ ရှိနေကြောင်း ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ထံကသိရသည်။
ထို့အပြင် လေးမျက်နှာမြို့နယ်တွင် သြဂုတ်လပထမအပတ်ကစပြီး တောင်ခြေကျေးရွာများ အနီးတဝိုက်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်နှင့် ပျုစောထီးများကို ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများ ညစဥ်ပြုလုပ်ရန် တိုင်းစစ်ကောင်စီမှညွှန်ကြားထားကြောင်း သိရသည်။