စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းမှာ ကောက်စိုက်၊ ပျိုးနှုတ်လုပ်ကိုင်နေကြတဲ့ တောင်သူတွေက ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်တဲ့နေ့မှာ စုပေါင်းဆန္ဒပြခဲ့ကြတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။
ဆန္ဒပြသူတွေဟာ ဒီကနေ့ သြဂုတ် ၈ ရက်၊ မနက် ၈ နာရီခန့်က လယ်ယာလုပ်ငန်းခွင် မှာ “NUG အစိုးရ – ဒို့အစိုးရ”၊ “ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး – ဒို့အရေး”၊ “၈၈ ကအချိုးတွေ ငါတို့ခေတ်မှာလာမချိုးနဲ့ မကြောက်ဘူးဟေ့” ၊”အညာဖက်ဒရယ် အောင်ရမည်” အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ လက်သုံးချောင်းထောင်ကာ ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။
ထို့အတူ “အနာဂါတ်ဖက်ဒရယ်သစ်ဆီချီတက်ကြမည်”၊ “အရေးတော်ပုံအောင်ရမည်” စတဲ့ စာတန်းတွေနဲ့ ကျောင်သားသမဂ္ဂအလံတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြရာ မနက် ၉ နာရီအချိန်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။