စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော်အနေနဲ့ ရိက္ခာအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ အဲ့ဒီတပ်ရင်းထံက သိရပါတယ်။
တော်လှန်ရေး စတင်ကတည်းက တပ်ရင်းတပ်ဖွဲ့မှာ လိုအပ်တဲ့ရိက္ခာတွေကို ပြည်သူတွေက ကူညီထောက်ပံပေးခဲ့တာဖြစ်ပြီး ပြည်သူတွေခက်ခဲနေချိန်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာနဲ့ ရိက္ခာဖူလုံရင် ငွေအပို မကုန်ဘဲ၊ လက်နက်ခဲယမ်းဝယ်ဖို့ပါ အားဖြည့်နိုင်အောင် ကိုယ်ပိုင်သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေတာလို့ ဆိုပါတယ်။
“ရဲဘော်ရဲမေ အင်အားကများတယ်။ တပ်တစ်ခုအနေနဲ့ စားနပ်ရိက္ခာ အလုံအလောက်ရှိမယ်ဆိုရင် ပြည်သူတွေဆီကနေ ရိက္ခာအလှူမခံရတော့ဘူး။ အလှူမခံရရင် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ လျော့စေနိုင်ပါတယ်။ လက်နက်ခဲယမ်းဝယ်ဖို့ အားထည့်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးခဲ့တာပါ” လို့ ကျားသစ်နက်တပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။
စိုက်ခင်းမှာ ရိက္ခာအတွက် နှမ်း ၄ ဧက၊ စပါး ၆ ဧကကျော်စိုက်ပျိုးထားပြီး ဟင်းသီးဟင်းရွက်စိုက်ခင်း ၁ ဧက မှာ ခဝဲသီး၊ ပဲသီး၊ ကန်းဇွန်း၊ ခရမ်းသီး၊ ချဥ်ပေါင်၊ ဗူးပင်၊ ရွှေဖရုံနဲ့ ခရမ်းချဥ်သီးနှံတွေ စိုက်ပျိုးထားတယ်လို့ သိရပါ တယ်။
“ရိက္ခာအတွက် ခရမ်းသီးနဲ့ ချဥ်ပေါင်ရွက်ကို အခြောက်လှန်းထားတယ်။ ရိက္ခာရှာပါးတဲ့အချိန် ချက်စားရတယ်။ အမြဲတမ်းစားနေရလို့ ရဲဘော်တွေက ငြီးငွေ့လာသလို လတ်ဆတ်တဲ့သီးနှံ မဟုတ်တော့ အာဟာရလည်း မဖြစ်ပါဘူး။ ရိက္ခာဖူလုံပြီး အာဟာရဖြစ်အောင်စားဖို့ အခုလိုစိုက်ပျိုးရတာ”လို့ ရဲမေ မခိုင်ခိုင်က ပြောပါတယ်။
Local တပ်ဖွဲ့ ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလမှာ ဟင်းသီးဟင်းရွက်တွေ စတင်စိုက်ပျိုးခဲ့တာဖြစ်သလို ၂၀၂၃ ဇွန်လနှောင်းပိုင်းမှာ မိုးစပါးနဲ့ ဆောင်နှမ်းကိုလည်း စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။
အခုလို ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ အနေနဲ့ ရိက္ခာဖူလုံဖို့အတွက် သီးနှံတွေစိုက်ပျိုးရာမှာ တပ်စိတ် တစိတ်ထား ပြီး ရဲဘော်ရဲမေတွေနဲ့ စိုက်ခင်းဖော်တာ၊ စိုက်ပျိုးတာ၊ ရေလောင်း၊ ပေါင်းနှုတ်၊ ခူးဆွတ် တာတွေကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။