စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈နှင့် ၇၀၂ စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၀ ကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်း အနောက်ခြမ်းရှိ ငြိမ်းချမ်း၊ ယင်းတွေ၊ လပ်တီး၊ နှောပင်၊ ပုဂံ၊ နှဘဲလှ၊ အေးသာယာ(ခ)ပျံကျ၊ ကြခတ်နှင့် မကျည်းစောက် စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်နှင့် သြဂုတ်လ ၈ ရက်နေ့ ညပိုင်းက အင်းတန်း၊ တောကျောင်း၊ ဝဘာ၊ သပြေသာနှင့် မဲသယ် စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
” မနေ့က စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းတွေ ဒီနေ့ လည်း စစ်ကြောင်းထပ်ထိုးနေလို့ ပြည်သူတွေ ထပ်ပြီးထွက်ပြေးနေရတယ်။ ခမရ ၇၀၈ နဲ့ ၇၀၂ စစ်ခွေး စစ်ကြောင်းက အနောက်ဘက်ခြမ်းကို ထပ်ပြီး စစ်ကြောင်းထိုးနေတာ မနေ့ညက တိမ်းရှောင်နေရတဲ့ လူဦးရေရော အခုမနက်တိမ်းရှောင်တဲ့ လူဦးရေရောဆိုရင် ၁သောင်းကျော်သွားပြီ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အေးသာယာ (ခ) ပျံကျ ရွာအတွင်း ဝင်ရောက်နေပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။