ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နဲ့ ကျောက်တံခါးမြို့နယ်မှာ ကုန်းလမ်း ရေလမ်း အသုံးမပြုကြဖို့ KNU က ဒီကနေ့ မနက်ပိုင်းက သတိပေး ထုတ်ပြန်လိုက်ပါတယ်။
နတ်သံကွင်းမြို့ကို ကုန်းလမ်း ရေလမ်းနဲ့ အဝင်အထွက် မပြုလုပ်ဖို့၊ ကျောက်တံခါးမြို့နယ် အတွင်းက ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စု အတွင်းက ပြည်သူတွေ ည ၆ နာရီကနေ မနက် ၆ နာရီ အတွင်း အပြင်ထွက် သွားလာတာ မလုပ်ဖို့နဲ့ သမင်အင်းကုန်း၊ ကျောက်တံခါး၊ သူဌေးကုန်း ဒေသရှိ လမ်းတွေပေါ်မှာ သွားလာတာ မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဩဂုတ်လ ၉ ရက် ရက်စွဲနဲ့ KNU တပ်မဟာ (၃) တပ်ခွဲ (၁) က အချက် ၆ ချက်ပါ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနေပြီး လူသားဒိုင်းသဖွယ် အသုံးပြုနေတဲ့ အတွက် ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေကို ရှောင်ရှားသွားလာဖို့ လိုအပ်ပြီး အထက်ပါ အချက်တွေကို လုံခြုံရေးအရ ပိတ်ပင်တားမြစ်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။