စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အသက်(၂၄)နှစ်အရွယ် တော်လှန်ရေး ရဲဘော် နေဆန်းအောင် (ခ) ၀က်ကြီး ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး – ULF က သတင်း ထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော် နေဆန်းအောင်ဟာ ယင်းမာပင်ခရိုင် PDF အမှတ်(၂၁) တပ်ရင်း – ကျောက်လုံးကြီးတပ်မဟာ (KLG PDF) တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး မနေ့က ဩဂုတ်(၈)ရက်မှာ ယင်းမာပင်နယ်ထဲ စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ယင်းမာပင်-ကနီ အစပ် တိုက်ပွဲပါ၊ (ကျဆုံးရဲဘော်) ကျောင်းသားပါ” လို့ ULF ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။
ယင်းမာပင်ခရိုင် အမှတ်(၂၁) တပ်ရင်း – ကျောက်လုံးကြီးတပ်မဟာ (KLG PDF) အပါအဝင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ စတဲ့ ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေး တပ်ဖွဲ့ (၃၀)ဝန်းကျင် ပူးပေါင်းကာ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး – ULF ကို ဖွဲ့စည်းထားပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
“စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ULF ၏ ကော်မတီဝင် အမှတ်(၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၁) တပ်ရင်း (KLG PDF)မှ ကိုယ်ပိုင်အမှတ် P —— ရဲဘော် နေဆန်းအောင်(ခ)ဝက်ကြီး သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်(၈)ရက်တွင် တိုင်းပြည်အတွက် မြင့်မြတ်စွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရပါသည်။ ကျွန်ုပ်တို့ ULF အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ပူဆွေးလျက် အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်တမ်း တင်ပြီး ကျဆုံးသွားသော ရဲဘော် နေဆန်းအောင်(ခ)ဝက်ကြီး၏ စွန့်လွှတ် အနစ်နာခံမူ အပေါ် လေးစားသော အားဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းများမှာ ကျွန်ုပ်တို့ ULF (မဟာမိတ်တပ်ပေါင်းစု) မှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိသစ္စာ ပြုပါသည်” လို့ ULF က ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ယင်းမာပင်၊ ကနီနဲ့ ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရို့နေတာ ဖြစ်ပြီး ဒေသခံ ထောင်ချီ ထွက်ပြေးနေရပါတယ်။