အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းလိုက်သဖြင့် တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် လိုက်နာရန် အကြောင်းမရှိတော့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက တရားဝင် ကြေညာ ပြောဆို လိုက်သည်။
ယနေ့ ကျင်းပသည့် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ၏ ပထမ ရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးချုပ် NCA အခန်း ၁ ပါ ပြဋ္ဌာန်းချက်များကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက် လိုက်သဖြင့် NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ သို့ရာတွင် အကြမ်း ဖက် စစ်ကောင်စီသည် နိုင်ငံတကာကို လှည့်စားရန် နှင့် ပြည်သူလူထုကို လှည့်စားရန် NCA စာချုပ်ကို ဆက်လက် တည်ရှိနေသယောင် အသုံးပြုနေ ကြောင်း ၎င်းက ပြောဆို သွားသည်။
“NCA နဲ့ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေ ဖျက်ဆီး လိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း ၁ က NCA တစ်ခုလုံးရဲ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီး လိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ နိုင်ငံတကာကို လှည့်စားခြင်းသော် လည်း ကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စ က တော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောကြားချင်ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောဆိုသည်။