ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာ အနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ သြဂုတ်လ ၉ ရက်နေ့၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရဲဘော် တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီက အင်အားတိုးလာတာ၊ ခန့်မှန်းအင်အား ၆၀ လောက်ရှိမယ်၊ ၄၅ မိနစ်လောက် တိုက်ပွဲ ဖြစ်တယ်။ ဒီဘက်က တစ်ယောက်ကျတယ်။ ၂ ယောက် ဒဏ်ရာရတယ်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးမှု ရှိပေမယ့် တောထူနေတဲ့အတွက် ဘယ်နှစ်ယောက် သေတယ်ဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ဟောင်ဝင်ဇာ အမြာက်တွေ၊ ၇၉ မမတွေနဲ့ လှမ်းပစ်ပြီး လေကြောင်းကနေ ကင်းထောက်တာတွေ ရှိပေမယ့် ဗုံးကြဲတာ မရှိဘူးလို့ သိရပါတယ်။
ယာဒို (ကလေထ) စခန်းကုန်းကို ကာကွယ်ရေးတပ်တွေ ဇူလိုင်လ ၁၁ ရက်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ အင်အားတိုးထားတာအပြင် ကျည်မလုံလောက်လို့ မသိမ်းနိုင်ခဲ့ဘဲ ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။