စစ်ကောင်စီရဲ့ ဆင်ဖြူတော် အထိန်းအမှတ် မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက် အင်းစိန်ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အခွင့်ရေးပိုပြီး ချိုးဖောက် နှိပ်စက်ခံနေရတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဩဂုတ်လ အစပိုင်း ကတည်းက နိုင်ကျဉ်း တချို့ကို ရဲဘက်ပို့တာ၊ တိုက်ပိတ် ရိုက်နှက်တာ၊ ဒေါက်ခတ်တာတွေ ပြုလုပ်နေတယ်လို့ အကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“ရဲဘက် ပို့ရင်တော့ အသက်ရှင်ပြီး ပြန်လာနိုင်တာ နည်းတယ်။ တော်တော်များများက အရိုက်ခံရ၊ အလုပ်ကြမ်း ခိုင်းခံရတာနဲ့ သေတာ။ ဒေါက်ခတ်တာတော့ အမျိုးမျိုးရှိတယ်။ ၆ လက်မကနေ တစ်ပေခွဲအထိ ခတ်တယ်။ ၆ လက်မခတ်ရင် လမ်းလျှောက်ဖို့တောင် မလွယ်တော့ဘူး” သူကပြောပါတယ်။
တိုက်ပိတ်ထားတဲ့ နိုင်ကျဉ်းတွေကို ထောင်ဝန်ထမ်းတွေက အပျင်းပြေ ရိုက်နှက်နေကြပြီး ပြင်းထန်ဒဏ်ရာရတဲ့ အကျဉ်းသားတွေကိုလည်း အောက်အဆောင် ပြန်ပြောင်းရွှေ့ထားတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ဖိနှိပ်ခံရသူတွေဟာ နိုင်ကျဉ်းတွေသာမက တခြား အကျဉ်းသားတွေလည်း ပါဝင်ပြီး မိသားစုဝင်တွေနဲ့ လူချင်းတွေ့ခွင့် မပေးဘူးလို့ သိရပါတယ်။
ဒီလထဲမှာ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “ပြစ်ဒဏ်ကျ အကျဉ်းသား တော်တော်များများကိုတော့ အလုပ်ကြမ်း ခိုင်းတာထက် တိုက်ပိတ်ပြီး ရိုက်တာ။ တချို့ကို ရဲဘက်ပို့တယ်။ ရဲဘက် ရောက်ရင်တော့ တစ်လလောက် ဒေါက်ခတ်ပြီး လယ်စိုက်ခိုင်းတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ထောင်ဝင်စာကို သန်းခေါင်စာရင်း မိသားစုဝင်တွေကသာ ပို့လို့ရပြီး သန်းခေါင်စာရင်း မဝင် ဆွေမျိုးတော်စပ်သူတွေက ထောက်ခံစာ ပြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဩဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းထဲမှာ နိုင်ကျဉ်း လေးပုံတစ်ပုံခန့်ပဲ ပါဝင်ပြီး ထောင်တွင်း ကျန်ရှိနေတဲ့ နိုင်ကျဉ်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့တိုင်းခံနေရတယ်လို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။