ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့နံနက် ၁၀ နာရီဝန်းကျင်က မိုးညှင်းမြို့၏ အရှေ့တောင်ဘက်သို့ လက်နက်ကြီးအချက်ပေါင်း ၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့ စက်မှုလက်မှုသိပ္ပံကျောင်း (မိုးညှင်း GTI ) ကျောင်းအနီးရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်ပြီးနောက် လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဖားကန့်ဘက်က စခန်းသိမ်းလိုက်တော့ ဒီဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိမယ်ထင်ပြီး လျှောက်ပစ်တဲ့သဘောလည်း ဖြစ်နိုင်တယ်။ ဒါကတော့ ကျွန်တော့အမြင်ပေါ့။ သူတို့ဘာရည်ရွယ်ချက်နဲ့ ပစ်လဲတော့ မသိပါဘူး။”ဟု ပြောသည်။
ယခုကဲ့သို့ မြို့၏အရှေ့တောင်ဘက်ကြောသို့ လက်နက်ကြီးပစ်ခတ်မှုများကို စစ်ကောင်စီတပ်က မကြာခဏ ပြုလုပ်လေ့ရှိကြောင်းနှင့် ယနေ့လက်နက်ကြီး ပစ်ခတ်မှုဖြစ်စဉ်တွင် ထိခိုက်မှုမရှိကြောင်း မိုးညှင်းဒေသခံများထံမှ သိရသည်။
မိုးညှင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က မိုးညှင်းမြို့နှင့် လေးမိုင်အကွာ ဘီလူးမြို့အဝင်ရှိ စိုက်ပျိုးရေးကြီးကြပ်ရုံး၌ ကင်းစောင့်တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးညှင်း KPDF တပ်ရင်းက ထုတ်ပြန်ခဲ့သည်။
ယခုလပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်နှင့် ဝိုင်းမော်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်။