ကလေးမြို့၊ မြို့လှရပ်ကွက်နဲ့ စက္ကန့်ရွာကြားတွင် ယနေ့ ဩဂုတ် ၁၁ ရက်မနက် ၇ နာရီလောက်ကစပြီး ၁၀ နာရီထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မြို့လှရပ်ကွက် (ယခင်တောင်စက်ရုံ)တွင် မနေ့ကညအိပ်စခန်းချကြပါတယ်။ မနေ့က စစ်ကောင်စီတပ်သားတွေ ပစ်သတ်တဲ့ အလောင်းကိုလည်း သေနတ်သံ ဗုံးသံကြားမှာ အလျင်စလို သဂြိုလ်ကြတယ်လို့သိရတယ်။
ဒေသခံတစ်ဦးက “ကြိုတင်စီစဉ်ထားတာကတော့ မနက် ၉ နာရီမှာသဂြိုလ်ဖို့ပဲ။ အခြေအနေမကောင်းမနက် ၇ နာရီမှာအသုဘအခမ်းအနားကိုအတိုချုပ်လုပ်ပြီးတော့ သင်္ချိုင်းကုန်းသွားကြတယ်။ အခမ်းအနားမပြီးခင် သေနတ်သံကြားတော့ ခြေကုန်ပြန်ပြေးလာခဲ့တယ်” လို့ပြောပါတယ်။
မြို့လှရပ်ကွက်ဟာ ကလေးမြို့ရဲ့အစွန်ပိုင်းရပ်ကွက်ဖြစ်ပြီး ရပ်ကွက်သူ၊သားများဟာ မြို့တွင်းပိုင်းဘက်သို့ တိမ်းရှောင်လာကြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနေ့က မြို့လှရပ်ကွက် အသားခုံက ဝက်သားများကိုချက်စားကြပြီး ရပ်ကွက်တွင်း ဆိုင်တွေလည်းဖောက်ကာ ပစ္စည်းတွေလုယူသွားကြတယ်လို့သိရတယ်။ မြို့လှရပ်ကွက်သားတစ်ဦးကိုလည်း ထိုးကြိတ်ကာ ဖုန်းလုယူသွားပါတယ်။
ဒီမနက်တွင် မြို့လှရပ်ကွက်သား အများအပြား မြို့တွင်းဘက်တိမ်းရှောင်လာကြပါတယ်။