ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်း တစ်နေရာမှာ မဒေါက် ရဲစခန်းက တာဝန်ကျ နယ်ထိန်းရဲ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်တဲ့ Royal Peacock Column၊ Spring Warriors Column၊ (၃၇၀၂) တပ်ရင်းများမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရာ စစ်ကောင်စီ လက်ကိုင်တုတ် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီး စစ်ဆေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မဒေါက်ရဲစခန်းက နယ်ထိန်းရဲ့ ထွက်ဆိုချက်များ၊ မိုဘိုင်းဖုန်းထဲရှိ အချက်အလက်များအရ ပြည်သူလူထုကို ခြိမ်းခြောက် သတင်းပေးခိုင်းတာ၊ ငွေညှစ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထောင်ချောက်ဆင် ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း စိစစ် တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။