ပဲခူးတိုင်း ၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက် ရှိရှိပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မွန်းလွဲ ၁ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၆၀ ခန့်နဲ့ ဖြူးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဖက်ကမ်း၊ မြက်နီကွင်းရွာကို ရောက်ရှိလာပြီးတော့ စစ်တောင်းမြစ် အရှေ့ဖက်ရွာတွေဖြစ်တဲ့ ထန်းတပင်မြို့နယ်၊ ကွေ့ကြီးရွာ ၊ ပိန်ကျော်ရွာ ၊ ငါးဆီးလှောင်ရွာ တွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု တွေပြုလုပ်ခဲ့တာပဲ။
တစ်ရွာကို လက်နက်ကြီး ၂ ချက်နဲ့ စုစုပေါင်း လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ၅ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ငါးဆီးလှောင်ရွာထဲ ကျရောက်ပေါက်ကွဲရာမှာ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။