သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာက စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အပြင်းအထန်ရိုက်နှက်နှိပ်စက်ပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ကနက်သီရိရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးမြင့်စိုးဖြစ်ပြီး ဒီနေ့နေလယ်ပိုင်းက ရငဲရွာဘက်ကိုသွားတဲ့အချိန် ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာပါ။
“သူကအိမ်မှာဆိုအခန်းထဲပဲ ပိတ်ပြီးနေတာ။ အဲဒါနေ့လယ်လောက်က ဘယ်သူမှမသိဘဲထွက်သွားတာတဲ့။ စိတ်မနှံတော့ ဘာမှကိုမသိတဲ့လူပါ” လို့ကနက်သီရိရွာခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဦးမြင့်စိုးကိုဖမ်းဆီးပြီးနောက် သူတို့တပ်စွဲထားတဲ့ ရငဲရွာက မြွေတောင်ပေါ်ကို ရိုက်နှက်ပြီးဆွဲခေါ်သွားတယ်လို့ ဒေသခံ တွေကဆိုပါတယ်။
အစက ပျောက်ဆုံးနေတယ်လို့ပဲ သိရလို့ မိသားစုဝင်တွေက အနီးအနားရွာတွေမှာလိုက်ရှာခဲ့ကြပါတယ်။ အခုညနေပိုင်းရောက်မှ စစ်ကောင်စီတပ်ဖမ်းဆီးသွားတာကို သိရှိခဲ့ရတာပါ။
သူတို့တပ်စွဲထားတဲ့နေရာအရောက်မှာလည်း ထပ်မံရိုက်နှက်နှိပ်စက်ထားပြီး လာရောက်ထုတ်ယူခိုင်းနေတယ်လို့လည်း ကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
အခုလ ၅ ရက်နေ့ကလည်း ရငဲရွာကနေအိမ်တွေမှာ ပစ္စည်းပြန်လာယူတဲ့ အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၂ ဦးတို့ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပါသေးတယ်။
သူတို့ထဲကအမျိုးသမီး ၂ ဦးကိုတော့ နေ့ချင်းပြန်လွှတ်ခဲ့ပေမယ့်အမျိုးသား ၃ ဦးကိုတော့ သုံးရက်ကြာမှ ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက ရငဲရွာကမြွေတောင်ပေါ်မှာတပ်စွဲထားပြီး ရွာသားတွေကို ရွာပြန်ခွင့်မပေးဘဲ ပိတ်ထားသလို ညဘက်မှာလည်း မကြာခဏ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။